လေးတစ်ရွာရှိပါသည်။ တဟွန်းဒမ်ဟုခေါ်သော ထိုတိဗက်ကျေးရွာကလေးသို့ ကျွန်တော်ရောက်ခဲ့စဉ်က ရွာတွင်
အိမ် ၁၀ အိမ်မျှသာ ရှိပါသည်။ ထိုရွာကလေးသို့ရောက်ရန် ကချင်ပြည်နယ်မြောက်ပိုင်းဒေသကို ၁၄ ရက်ကြာ ပြင်းထန်ခက်ခဲလှသော ခြေလျှင်ခရီးကြမ်းကြီး ခက်ခက်ခဲခဲဖြတ်သန်းပြီးမှ ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။
နှိုင်းယှဉ်လျှင် ရှန်ဂရီလာနှင့်တူသည်ကို မငြင်းနိုင်သော်လည်း ရွာသားများ၏ဘ၀မှာ ကြမ်းတမ်းဆင်းရဲ လှပါသည်။ ရွာသားများသည် မသပ်မရပ် ဟိုတစ်လုံး ဒီတစ်လုံး ဖြစ်သလိုဆောက်ထားသော သစ်လုံးအိမ်များ
တွင် နေထိုင်ကြပါသည်။ လျှစ်စစ်မီး လုံးဝမရှိပါ။ မိန်းမများက တောင်ယာလုပ်ကြပြီး ယောက်ျားများက အဆိပ်
လူးမြားများဖြင့် အမဲလိုက်ကြပါသည်။ သို့သော် ပြင်ပကမ္ဘာမှ လူများသည် မြန်မာနိုင်ငံ၏ အမေ့ခံထောင့်စွန်း
သို့ ရောက်အောင် ချင်းနင်းဝင်ရောက်လာနေကြပြီ ဖြစ်ပါသည်။ ထိုရွာကလေးသည် မီတာ ၆,၀၀၀ မြင့်သော ခါကာဘိုရာဇီတောင်ကို အစွဲပြု၍ မှည့်ခေါ်ထားသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဘေးမဲ့တောတစ်ခု
အတွင်း ပါဝင်နေသော အစိတ်အပိုင်းလည်း ဖြစ်ပါသည်။ တစ်နှစ်လုံး ရေခဲဖုံးလွှမ်းနေသော ထိုတောင်တန်း၏ အောက်ခြေတွင် ရေခဲပြင်လျှောစီးအပန်းဖြေစခန်းတစ်ခု တည်ဆောက်မည့် စီမံကိန်းပင်ရှိသည်ဟု ကောလ
ဟာလသတင်းများလည်း ထွက်နေပါသည်။
ထိုရွာသားတစ်ဦးဖြစ်သော ညာမာဂျိုဆိုင်းသည် ဂျပန်တောင်တက်သမား တာကာရှီ အိုဇာကီနှင့်အတူ ၁၉၉၆ ခုနှစ်တွင် ခါကာဘိုရာဇီတောင်ထိပ်ကို ပထမဦးဆုံး တက်ရောက်အောင်မြင်ခဲ့သူဖြစ်သည်။ ယခုအထိ ၎င်းတို့တစ်ဖွဲ့တည်းသာ တောင်ထွတ်ကို အောင်မြင်စွာခြေချနိုင်ခဲ့သေးသည်။ ထိုတောင်တက် ခရီးစဉ်တွင်ကူညီ
လမ်းပြခဲ့ကြသော ညာမာဂျိုဆိုင်းနှင့် ရွာသားသုံးလေးဦးတို့သည် ၎င်းတို့၏ တောင်ကြားချိုင့်ဝှမ်း အပြင်ဘက်သို့ စွန့်စားခရီးထွက်ဖူးသူ အနည်းစုထဲတွင် ပါဝင်သည်။ ၎င်းတို့သည် တောင်တက်ခရီးအောင်ပွဲခံ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခံကြရသဖြင့် အလှမ်းဝေးလှသော ရန်ကုန်နှင့် မြစ်ကြီးနားမြို့များသို့ ရောက်ဖူးခဲ့ကြ
ခြင်းဖြစ်သည်။ တဟွန်းဒမ်ရွာသည် ထိုဒေသတွင်တည်ရှိသော တိဗက်ရွာ ၄ ရွာအနက် တစ်ရွာဖြစ်သည်။ ကျန်
၃ ရွာသည် ခပ်လှမ်းလှမ်းရှိ ကချင်ပြည်နယ်နှင့် အိန္ဒိယနိုင်ငံ အာရုဏချယ် ပရာဒေ့ရှ်ပြည်နယ်တို့ကို ဆက်သွယ်
ထားသော ဆိုင်းကူချိုင့်ဝှမ်းလွင်ပြင်တွင် တည်ရှိသည်။ ထိုရွာများကို ၁၉၅၀ ခုနှစ်များအတွင်း တရုတ်တို့ က ကျူးကျော်သိမ်းပိုက်၍ ဖိနှိပ်မှုကြောင့် စားဝတ်နေရေး ခက်ခဲသဖြင့် ထွက်ပြေးလာကြသော တိဗက်လူမျိုးများက တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။ ၁၉၉၀ ခု နှစ်လယ်ပိုင်းတွင် မြန်မာနိုင်ငံအစိုးရက၎င်းတို့အား မှတ်ပုံတင် ကတ်
ပြားများ ထုတ်ပေးခဲ့သည်။
တဟွန်းဒမ်ရွာတည်ရှိနေသော ချိုင့်ဝှမ်းလွင်ပြင်သည် မီတာ ၂,၀၀၀ ကျော်အမြင့်တွင် တည်ရှိသော်
လည်း ၎င်းတို့နေထိုင်ခဲ့ကြရသော ဟိမ၀န္တာတောင်ထွတ်များနှင့်စာလျှင် မြေနိမ့်လွင်ပြင် ဖြစ်သည်။ မြေဆီသြဇာ ကြွယ်ဝလှသော တောင်ပေါ် မြေတွင် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ စိုက်
ပျိုးရေးအတွက် လိုအပ်သောရေကို ပတ်ပတ်လည်ရှိ နှင်းဖုံးတောင်တန်းများနှင့် ရေခဲတောင်တန်းများမှ မြစ်ဖျား
ခံပြီး လွင်ပြင်ကိုဖြတ်စီးနေသော အဒွန်ဝမ်မြစ်မှ ရေခဲ တမျှအေးစက်နေသောရေကို သွယ်ယူအသုံးပြုကြသည်။
တောင်စောင်းများတွင်ပေါက်ရောက်နေသော သစ်တောများသည် ရွာသားများအတွက် ကြီးစွာသောအထောက်
အပံ့ ဖြစ်ပါသည်။ ရွာသားများသည် သမင်အမျိုးမျိုး၊ တောင်ဆိတ်များ၊ နွားရိုင်းများ၊ လင်းနို့ကြီးများနှင့် အခြား မြောက်မြားလှစွာသော သားရိုင်းတိရစ္ဆာန်များကို အမဲလိုက်ဖမ်းဆီး၍ ရှင်သန်နေထိုင်ကြသည်။
၁၉၀၀ နှင့် ၁၉၅၀ ခုနှစ်များအတွင်း ထိုဒေသတွင် စူးစမ်းရှာဖွေလေ့လာမှုများပြုလုပ်ခဲ့သည့် ဗြိတိသျှ
လူမျိုး ရုက္ခဗေဒပညာရှင် ဖရန့် ကင်းဒွန်ဝပ်က မြန်မာနိုင်ငံ၏ ဤဒေသသည် ရုက္ခမျိုးစိတ်ပေါင်း ၇,၀၀၀ ကျော်၊
ရာနှင့်ချီသော နို့တိုက်နှင့်တွားသွား သတ္တ၀ါမျိုးစိတ်များ ရှင်သန်ပေါက်ဖွားရာနေရာဖြစ်သည်ဟု ခန့်မှန်းခဲ့သည်။ အချို့မျိုးစိတ်များမှာ တဟွန်းဒမ်ရွာသားများကဲ့သို့ပင် စူးစမ်းလေ့လာရှာဖွေမည့်သူကို စောင့်မျှော်နေကြဆဲဖြစ်ပါ
တော့သည်။
၂၀၀၇ ခုနှစ် ဇူလိုင်လထုတ် ဧရာဝတီ မဂ္ဂဇင်းမှ Wolfgang H Trost ရေးသားသော
World’s End in Kachin State ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။