* မသိပန်း *
ပန်းတပွင့်လျှင်
ရှုချင်စဖွယ်၊ အလှခြယ်လျက်
သင်းကြွယ်နံ့သာ၊ ချူတတ်ပါမူ
သူငါစုံမက်၊ အချစ်ဆက်၍
နှစ်သက်ချီးမွမ်းတတ်ကြ၏။
သို့ချီးမွမ်းလည်း
သည်ပန်းဘ၀၊ လှပသင်းကြိုင်
ရပ်တည်နိုင်အောင်၊ ကြံ့ခိုင်စိတ်လှစ်
အဆစ်ချိုးချိုး၊ သူမညှိုးဘဲ
ဖူးမြဲဖူးကာ၊ ပွင့်လန်းလာပြီး
ရောင်ဝါစိုလွင်၊ အလှဆင်ကြောင်း
ခုံမင်သူတို့မတွေးပါ။
ဖူးပွင့်လာရ
ပန်းဘ၀မူ၊ ပျိုးစချိန်ခါ
ရေကိုရှာစဉ်၊ လောကသည်ဝဲ
အားအန်ခဲလျက်၊ ပက်ဖြန်းသူမျှော်
မိုးကိုမျှော်၏၊ ပေါင်းဖော်ဝန်းကျင်
နှစ်လိုချင်ဟန်၊ ငြိုငြင်သံပြု
ပြောင်းလဲမှုလည်း၊ အံတုလွင့်လျက်
ဇွဲနှင့်မာန်နှင့် ပွင့်ခဲ့၏။
သို့ပါသော်ကွယ်
ထင်ပေါ်ပေါက်ရောက်၊ ဂုဏ်မမြောက်မီ
သွေ့ခြောက်နွမ်းခွေ၊ ဆင်းနံ့ပြေလျက်
သည်မြေထက်မှာ၊ ကြွေပျက်ပါလျှင်
တွယ်တာစိတ်မွေး၊ မည်သူတွေး၍
မေးမြန်းစုံစမ်း ပါမည်နည်း။ ။
မောင်ဇော်ယု (ရှုမ၀)
(*မြရွက်လှေ ကဗျာများ*ကဗျာစာအုပ်မှ-)